သင့်ရဲ့ အဆုတ်ကျန်းမာစေမယ့် နည်းလမ်း ၇ သွယ်
အဆုတ်ဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဆိုတာ ပြောဖို့ လိုမယ်မထင်ပါဘူး။ စက္ကန့်နဲ့အမျှ ရှူသွင်းရှူထုတ်လုပ်နေရတဲ့ အဆုတ်က ကျန်းမာနေပါမှ ခန္ဓာကိုယ်ထဲက ဆဲလ်တွေဆီ အောက်ဆီဂျင် ပြည့်ပြည့်ဝဝ ရရှိနိုင်မှာပါ။
ဒါဆို အဆုတ်ကျန်းမာဖို့ ဘာလုပ်ရမလဲ?
🚭 ဆေးလိပ် မသောက်ပါနဲ့
ဆေးလိပ်ဟာ နာတာရှည် အဆုတ်လေပြွန်ကျဥ်းရောဂါ (COPD)၊ အဆုတ်တီဘီလို အသက်ရှူလမ်းကြောင်း ရောဂါတွေနဲ့ အဆုတ်ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်း နံပါတ်တစ်ပါ။
ဆေးလိပ်စွဲသောက်တဲ့သူတွေမှာ အဆုတ်ရောင်ရမ်းပြီး တစ်ရှူးတွေ ပျက်စီးတာ၊ လေအိတ်ငယ်လေးတွေ ပျက်စီးတာက ပြန်မကောင်းနိုင်တော့ပါဘူး။ မသောက်တတ်သူတွေမှာ အစမလုပ်သင့်သလို သောက်တတ်သူတွေကလည်း ဆေးလိပ်ကို အချိန်မီဖြတ်မှသာ အဆုတ်ကို ထပ်ပြီး မပျက်စီးအောင် ကာကွယ်နိုင်မှာပါ။
💧 လက်ကို ပုံမှန်ဆေးပါ
ကိုဗစ်ကာလတုန်းက လက်ကိုခဏခဏဆေးပါလို့ ပြောကြတယ် မဟုတ်လား။ လက်ဟာ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ အကပ်တွယ်နိုင်ဆုံးသော အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။
လက်ကို မကြာခဏ ဆေးတာက ကိုဗစ်အပြင် နမိုးနီးယားနဲ့ လေပြွန်ရောင်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ လက်မဆေးဘဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေကို မကိုင်တွယ်မိဖို့ သတိထားပါ။
☄သန့်စင်တဲ့လေကို ရှူပါ
စက်ရုံအလုပ်ရုံတွေက မီးခိုးတွေ၊ ဖုန်မှုန့်တွေ၊ ကား၊ ဆိုင်ကယ်တွေက ထွက်တဲ့ဓာတ်ငွေ့တွေ၊ မီးဖိုချောင်က ညှော်နံတွေကြောင့် အိမ်တွင်းရော၊ အိမ်ပြင်ပတ်ဝန်းကျင်မှာပါ လေထုညစ်ညမ်းနေတဲ့အခါ အဆုတ်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။
သန့်စင်တဲ့လေကို ရှူရဖို့ လေသန့်စင်စက်တပ်တာ၊ ပြတင်းပေါက်တွေ၊ တံခါးတွေ ဖွင့်ထားတာ၊ လေသန့်စင်ပေးမယ့် အပင်တွေစိုက်ထားတာ၊ လေကောင်းလေသန့်ရတဲ့ မြို့ပြင်ဘက် ခရီးထွက်တာတွေ လုပ်သင့်ပါတယ်။
🏃♀️လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက ရင်ဝမ်းခြားကြွက်သားနဲ့ နံရိုးကြားက ကြွက်သားတွေကို သန်မာစေပြီး အသက်ရှူရကောင်းစေသလို နမိုးနီးယားနဲ့ လေပြွန်ရောင်တာလို အသက်ရှူလမ်းကြောင်း ရောဂါတွေကို သက်သာစေပါတယ်။
🍏အဆုတ်အားရှိမယ့် အစားအစာတွေ စားပါ
အစားအစာတွေကလည်း အဆုတ်ကို အထောက်အကူ ပေးနိုင်ပါတယ်။ ပန်းသီး၊ ဘယ်ရီသီး၊ ငရုတ်ပွ၊ ရွှေဖရုံသီး၊ အမဲသား၊ ပဲနီလေး၊ ဒိန်ချဥ်၊ green tea၊ ကော်ဖီ၊ နနွင်း၊ သံလွင်ဆီ စတာတွေ များများစားပါ။
💉ကာကွယ်ဆေးထိုးပါ
ရာသီတုပ်ကွေးကာကွယ်ဆေးတွေကို နှစ်စဥ်ထိုးသင့်ပါတယ်။ အထူးသဖြင့် နှလုံးရောဂါနဲ့ ပန်းနာရင်ကြပ်လို အဆုတ်ရောဂါရှိသူတွေဟာ တုပ်ကွေးကာကွယ်ဆေးထိုးထားရင် အသက်ရှူလမ်းကြောင်း ရောဂါတွေ ဖြစ်ပွားနှုန်း လျော့ကျနိုင်ပါတယ်။
🌬အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ
အသက်ရှူလေ့ကျင့်ခန်းတွေက ရင်ဝမ်းခြားကြွက်သားကို သန်မာစေသလို လေအိတ်ငယ်လေးတွေ ပြားကပ်ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဦးနှောက်အပါအဝင် ကိုယ်အင်္ဂါတွေဆီကို အောက်ဆီဂျင် ပိုမိုရောက်ရှိစေပြီး စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးကာ သွေးဖိအားကိုလည်း ကျစေပါတယ်။
အဆုတ်ရောဂါတွေ ခံစားရပြီး အသက်ရှူမဝ၊ မောကြပ်နေတာမျိုးကို ဘယ်သူမှလိုချင်မှာ မဟုတ်ပါဘူး။ မိမိရဲ့ အဆုတ်ကျန်းမာပြီး အသက်ဝဝရှူနိုင်ဖို့ အထက်ကပြောခဲ့တဲ့ အချက်တွေကို လိုက်နာဖို့ မမေ့ကြနဲ့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်